လာဘ်ကောင်း
လပ်ကီးသည် ငယ်စဉ်ကတည်းက အစစအရာရာ ကံကောင်းတတ်သူဖြစ်သည်။ ကိုယ်တိုင် ကံကောင်းယုံသာမက ဘေးတွင်ရှိသော လူတွေကိုပါ ကံကောင်းစေတတ်သော အစွမ်းသတ္တိရှိသူဖြစ်သည်။ လပ်ကီးဘဝတွင် ကံဆိုးခဲ့ခြင်းဆိုလို့ မိဘနှစ်ပါးလုံးရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခြင်းတစ်ခုသာရှိသည်။ ကံကောင်းချင်ကြသော လူများက လပ်ကီးကို မိမိတို့ ကိုယ်ကျိုးအတွက် အမြဲ အသုံးချလိုကြသည်။ ကြာတော့ လပ်ကီးက လူတွေကို စိတ်ကုန်က မိမိနေရာကနေ အပြီးထွက်ခွာလာခဲ့တော့သည်။ လပ်ကီးသည် မိမိ၏ အစွမ်းကို လျှို့ဝှက်ထားကာ ဇာတ်မြှုပ်၍ နေထိုင်ခဲ့သည်။ တစ်ကောင်ကြွက်ဖြစ်သော်လည်း အမြဲ ကံကောင်းနေတတ်သော ကြောင့် ဘဝက အစစအရာရာအဆင်ပြေကာ ပုံမှန်ဝင်ငွေရှိ၍ တိုက်အိမ်တစ်လုံးပင် ပိုင်ဆိုင်ထားသည်။ လပ်ကီးက လူတွေနှင့် အပေါင်းအသင်းမလုပ်လိုသော်လည်း နေဇော်ဆိုသည့် လူကိုတော့ ခင်မင်သည်။ နေဇော်သည် စိတ်ရင်းကောင်းသော်လည်း လောင်းကစားမက်သည်။ ဖခင်ဖြစ်သူ၏ ပိုက်ဆံကိုပင် ထိုင်သုံးတတ်ကာ လက်လည်းဖွာသည်။ လောင်းကစားဝါသနာပါသည့် နေဇော်သည် သူငယ်ချင်းဖြစ်သူ လပ်ကီး ကို ခေါ်ခေါ်သွားတတ်သည်။ လပ်ကီးက မလိုက်ချင်သော်လည်း နေဇော့်ကို အားနာသဖြင့် လိုက်သွားရသည်။ လောင်းကစားဝိုင်းသို့ လပ်ကီး ပါလာတိုင်း ကံကောင်းတတ်သည်ကို နေဇော်သတိထားမိလာသည်။ လပ်ကီးကလည်း အခင်ဆုံးသူငယ်ချင်းဖြစ်သည့်အတွက် ကံကောင်းတတ်သည့် လျှို့ဝှက်ချက်ကို ပြောပြလိုက်တော့သည်။ လပ်ကီးရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့ နေဇော်က လပ်ကီးကို လောင်းကစားဝိုင်းသို့ ခဏခဏ ခေါ်သွားတော့သည်။ လပ်ကီးက မလိုက်ချင်၍ အလိမ္မာသုံးကာ ခဏငြင်းလိုက်သည့်နေ့တွင် နေဇော်က ပိုက်ဆံတွေအများကြီးရှုံးသွားသည့်အပြင် ဖခင်မသိအောင် အိမ်ဂရန်ကိုပါ ခိုး၍ လောင်းလိုက်ရာ ထပ်ရှုံးသွားတော့သည်။ နေဇော်က နောက်တစ်နေ့တွင် ရှုံးသွားသည်များ ပြန်ရဖို့အတွက် လပ်ကီးကို ထပ်ခေါ်ရာ လပ်ကီးကလည်း အိမ်ဂရန်ပါ ရှုံးသွားသည့် ကိစ္စကို မသိသဖြင့် နေဇော့်ကို လောင်းကစားမလုပ်ဖို့နားချရင်း သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ကြသည်။ နေဇော်က လပ်ကီးကို စိတ်ဆိုးသွားသလို လပ်ကီးကလည်း စိတ်ညစ်သွားကာ မိမိနေသည့် အိမ်ကိုပါ ရောင်းချ၍ တခြားနေရာသို့ထွက်သွားတော့သည်။ လပ်ကီးသည် ချောင်းသာသို့ထွက်သွားကာ နောက်တစ်ကြိမ် ဇာတ်မြှုပ်၍ ဟိုတယ်တစ်ခုတွင် ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည်။ လပ်ကီး၏ ကံကောင်းမှုကြောင့် ဝန်ထမ်းမှ မန်နေဂျာ ရာထူးရသွားသည်။ အိမ်ဂရန် ပြန်ရွေးဖို့ လိုအပ်နေပြီး သူငယ်ချင်းအပေါ်လည်း လွန်ခဲ့မိသဖြင့် တောင်းပန်လိုသော နေဇော်မှာ လပ်ကီးကို လိုက်ရှာတော့သည်။ နေဇော့် အိမ်ဂရန်ကို ရလိုက်သူမှာ လူမိုက် ရဲဇော်မင်းဖြစ်သည်။ ရဲဇော်မင်းတွင် ရုပ်ဆိုးကာ ကြမ်းတမ်းသည့် ညီမ အိန်ဂျယ်ဆိုသူရှိသည်။ အိန်ဂျယ်သည် နေဇော့်ကို ကြိုက်နေသဖြင့် နေဇော့်ကို အကြွေးဖြင့်သိမ်းရန် အစ်ကိုဖြစ်သူကိုပူဆာနေသည်။ နေဇော်က လပ်ကီးကို လိုက်ရှာရန်ပျောက်သွားသဖြင့် အိန်ဂျယ်ကလည်း တပည့်လူမိုက်များကို ခေါ်ဆောင်ကာ နေဇော့်နောက်ကို လိုက်တော့သည်။ လပ်ကီးသည် ချောင်းသာတွင် မိမိတကယ်ချစ်ရသော ကောင်မလေးကိုတွေ့သွားသည်။ ထိုကောင်မလေးမှာ လပ်ကီးအလုပ်လုပ်နေသော ဟိုတယ်ပိုင်ရှင်သမီး ဝါဝါလင်းဖြစ်သည်။ နေဇော်သည် လပ်ကီးကို ရှာဖွေရင်း ပြင်ဦးလွင်တွင် တွေ့သွားသည်။ ထို့အပြင် ပြင်ဦးလွင်တွင် အပန်းဖြေရင်း လာနေသူ ကောင်မလေး မေလွမ်းနှင့်တွေ့ဆုံကာ ချစ်ကြိုက်မိသည်။ နေဇော့်ကိုလိုက်ရှာနေသည့် အိန်ဂျယ်နှင့် ရဲဇော်မင်းက လပ်ကီးအကြောင်းကိုသိသွားကာ လပ်ကီးကို ပြန်ပေးဆွဲသွားကြသည်။ ဤသို့ဖြင့် နေဇော်၊ မေလွမ်းနှင့် ဝါဝါလင်းတို့မှ လူဆိုးများထံမှာ လပ်ကီးကို ကယ်တင်ရန်ကြိုးပမ်းရသည်။ တစ်ဖက်တွင်လည်း ပြန်ပေးဆွဲခံရသော လပ်ကီးမှာ မိမိ၏ ကံကောင်းစေတတ်သည့် မွေးရာပါ အစွမ်းကို အသုံးချ၍ ရဲဇော်မင်းနှင့် အိန်ဂျယ်ထံမှ ထွက်ပြေးရန် ကြိုးပမ်းရတော့သည်။
Episodes